3. ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
4. ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
5. ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်းကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။
6. မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာသော ဒုစရိုက်ကိုပြု၏။
7. ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
8. ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9. သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။
10. ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
11. ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူးသော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဘွယ်သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တုဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎င်း၊
12. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။
13. ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
14. ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာဖြစ်ကြလိမ့်မည်။
15. အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။