ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 21:12-26 Judson Bible (BJB)

12. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။

13. ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။

14. ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာဖြစ်ကြလိမ့်မည်။

15. အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။

16. မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှတပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။

17. မနာရှေပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

18. မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

19. အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ၏။

20. ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

21. ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြုကိုးကွယ်၏။

22. ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို စွန့်၍ ထာဝရဘုရား၏ လမ်းတော်ကိုလွှဲရှောင်၏။

23. မိမိကျွန်တို့သည်သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။

24. အာမုန်မင်းကြီးတဘက်၌ သင်းဖွဲ့သောသူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည်ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။

25. အာမုန်ပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

26. ဩဇဥယျာဉ်တွင် မိမိသင်္ချၖိုင်းတွင်း၌ သင်္ဂြိုဟ်ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 21