ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 20:11-21 Judson Bible (BJB)

11. ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ၏။

12. ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။

13. ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှ စသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသော အရာတစုံတခုမျှမရှိ။

14. ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိမင်းကြီး ထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။

15. နန်းတော်၌အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရ ကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော၏။

16. ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။

17. နန်းတော်၌ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။

18. သင်နှင့် နွှယ်၍ရသောသင်၏သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏။

19. ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ကောင်းပါ၏ဟူ၍၎င်း၊ အကယ်၍ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။

20. ဟေဇကိပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

21. ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 20