28. ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
29. သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယနှစ်တွင် ထိုအတူပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့။
30. ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်။
31. ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲက၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က၎င်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
32. သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့မြှားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
33. လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
34. ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှါစောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
35. ထိုညဉ့်တွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတသိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက် စောစောထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။
36. အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထိုအရပ်မှ ထွက်၍ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။
37. နောက်တဖန်သူသည် မိမိဘုရားနိသရုတ်၏ ဗိမာန်၌ကိုးကွယ်စဉ်တွင်၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည်ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန် သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။