ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 19:15-26 Judson Bible (BJB)

15. ထိုအခါဟေဇကိမင်းသည် ထာဝရဘုရားရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူ၏။

16. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။

17. အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍၊

18. သူတို့၏ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။

19. အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရား တပါးသောဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါသည်ဟု ပဌနာပြုလေ၏။

20. ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပြုသော ပဌနာစကားကို ငါကြားရပြီ။

21. ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင် သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။

22. သင်သည် အဘယ်သူကိုကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။

23. သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင် အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်ရူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသော ခိုလှုံရာအသီးများသော တောထဲသို့ ငါဝင်ပြီ။

24. ငါသည် တွင်းတူး၍ မမြည်းဘူးသောရေကို သောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီ တကား။

25. ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။

26. ထိုကြောင့်မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 19