ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:9-24 Judson Bible (BJB)

9. ဟေဇကိမင်းကြီးနန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ဝိုင်းထား၏။

10. သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက်၍ရကြ၏။

11. အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။

12. အကြောင်းမူကား၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသောပဋိညာဉ်ကို၎င်း၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှကို၎င်း၊ အမှုမထားလွန်ကျူးကြ၏။

13. ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။

14. ယုဒရှင်ဘုရင်ဟေဇကိသည်အာရှုရိရှင်ဘုရင်ရှိရာလာခိရှမြို့သို့စေလွှတ်၍၊ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည်ယုဒရှင်ဘုရင် ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကိုတောင်း၏။

15. ဟေဇကိသည်ဗိမာန်တော်၌၎င်း၊ နန်းတော် ဘဏ္ဍာတိုက်၌၎င်း၊ တွေ့သမျှသောငွေကိုပေး၏။

16. ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။

17. နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့်၊ သူတို့သည်ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ရပ်နေကြ၏။

18. ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊

19. ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း။

20. စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း။

21. ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။

22. သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။

23. သို့ဖြစ်၍ယခုတွင် ငါ့သခင်အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည်။

24. သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18