ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 18:25-37 Judson Bible (BJB)

25. ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကို သွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏။

26. ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသောသူတို့သည် ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကိုဆိုကြလျှင်၊

27. ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊

28. ရာဗရှာခသည်ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့်ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကိုနားထောင်ကြလော့။

29. ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင်။

30. ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။

31. ဟေဇကိစကားကို နားမထောင်ကြနှင့်။

32. အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်က ရေကိုသောက်လျက် နေကြဦးလော့။

33. ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။

34. ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။

35. ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

36. ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်အမိန့်တော်ရှိသတည်း။

37. ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍ ရာဗရှာခစကားကိုကြားလျှောက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 18