ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 17:1-11 Judson Bible (BJB)

1. ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ်တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။

2. ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ။

3. ထိုမင်းကိုအာရှုရိရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။

4. နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာချုပ်ထားပြီးလျှင်၊

5. ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။

6. ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။

7. အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေကြ၏။

8. သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ၏။

9. မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့်သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာ အလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။

10. ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့အပေါ်မှာ၎င်း၊၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှာ၎င်း၊ တည်ထောင်ပြုစုကြ၏။

11. သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 17