ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 13:13-24 Judson Bible (BJB)

13. ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။

14. ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။

15. ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။

16. လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊

17. အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့်လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်ဟု ဆို၏။

18. မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။

19. ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။

20. ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။

21. ဣသရေလလူတို့သည် လူတယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချၖိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။

22. ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ၏။

23. ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။

24. ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော်ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 13