ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 12:1-12 Judson Bible (BJB)

1. ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။

2. ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။

3. သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။

4. ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်းသော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင်သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊

5. ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။

6. သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။

7. ထိုအခါယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲနေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊

8. ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။

9. ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ၍အဖုံးကို ဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါးစောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။

10. ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည်လာ၍ ဗိမာန်တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။

11. ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ်သော လက်သမား၊

12. ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက်ပေးဝေကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 12