ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 10:7-22 Judson Bible (BJB)

7. ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်းတို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက်လေ၏။

8. လုလင်တယောက်သည် လာ၍ရှင်ဘုရင်သားတို့၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟုက၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။

9. နံနက်ရောက်မှယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင် တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း။

10. ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော်မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊

11. ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ်အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။

12. နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ၊

13. ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကိုတွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏သားတော်တို့နှင့် မိဖုရား၏သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။

14. ယေဟုကလည်း၊ အရှင်ဘမ်းကြဟု စီရင်သည်အတိုင်း၊ အရှင်ဘမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ၏။

15. ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊

16. ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။

17. ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။

18. တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကားများစွာပြုမည်။

19. သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။

20. ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။

21. ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။

22. ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 10