ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 10:21-31 Judson Bible (BJB)

21. ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။

22. ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။

23. တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။

24. မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊

25. မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊ တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊

26. ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။

27. ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။

28. ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။

29. သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။

30. ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊

31. ယေဟုသည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 10