ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 10:15-28 Judson Bible (BJB)

15. ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊

16. ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။

17. ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။

18. တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကားများစွာပြုမည်။

19. သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။

20. ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။

21. ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။

22. ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။

23. တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။

24. မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊

25. မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊ တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊

26. ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။

27. ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။

28. ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 10