ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 8:32-44 Judson Bible (BJB)

32. ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။

33. ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊

34. ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။

35. ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊

36. ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။

37. ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊

38. ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာစကားအားဖြင့် ဆုတောင်းလျှင်၊

39. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။

40. ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော်ကို ကြောက်ရွံ့ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံးသဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။

41-42. ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက်သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊

43. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။

44. ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအားဆုတောင်းကြလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 8