ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 20:22-33 Judson Bible (BJB)

22. တဖန်ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍ လာလေဦးမည်ဟုဆို၏။

23. ရှုရိရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ သူတို့၏ဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ၏။ ငါတို့သည် လွင်ပြင်၌ တခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည်။

24. မင်းကြီးအပေါင်းတို့ကိုလည်း ပယ်၍ သူတို့ အရာ၌ ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ။

25. ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်းတော်မူပါ။ လွင်ပြင်၌ တိုက်၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသော စကားကိုရှင်ဘုရင်သည် နားထောင်၍ စီရင်လေ၏။

26. နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကို ရေတွက်၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သော ငှါ၊ အာဖက်မြို့သို့ ချီသွား၏။

27. ဣသရေလအမျိုးသားတို့သည် စာရင်းဝင်၍ ရိက္ခာကို ပြင်ဆင်ပြီးမှစစ်ချီကြ၏။ ရှုရိလူတို့သည် တပြည်လုံးအနှံ့ အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ၏။

28. ဘုရားသခင်၏ လူတယောက်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၍ ထာဝရဘုရားမိန့်တော်မူသည် ကား၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ်၏။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

29. ထိုသူတို့သည် ခုနစ်ရက်ပတ်လုံးတဘက်တချက်တွင် တပ်ချလျက် နေပြီးမှ၊ သတ္တမနေ့၌ စစ်ပြိုင်၍ ဣသရေလလူတို့သည် တနေ့ခြင်းတွင် ရှုရိခြေသည် သူရဲတသိန်းကို သတ်ကြ၏။

30. ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍မြို့ထဲအတွင်း အခန်း၌ ပုန်းလျက် နေ၏။

31. ဗင်္ဟာဒဒ်၏ ကျွန်တို့ကလည်း၊ ဣသရေလ အမျိုးသားရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ်ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့်ကို ပေးတော်မူပါ။ အသက်တော်ကို ချမ်းသာပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊

32. လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက်လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး၏။

33. ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့နားထောင်၍၊ ချက်ခြင်းစကားအရိပ်ကို ဘမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကို ခေါ်ကြ၏။ အာဟပ်ကလည်းသွား၍ ခေါ်ကြလော့ဟု စေလွှတ်သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ၍၊ အာဟပ်မင်းအခွင့်နှင့် ရထားတော်ပေါ်သို့ တက်ရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 20