ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 2:36-46 Judson Bible (BJB)

36. တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရမည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။

37. မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊

38. ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန်လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

39. သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန်နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံသို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊

40. ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။

41. ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြားလေသော်၊

42. ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက်၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။

43. သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသောပညတ်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော်မူပြီးမှ၊

44. တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။

45. ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊

46. ယောယဒသားဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 2