ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 2:20-38 Judson Bible (BJB)

20. ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။

21. မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်းလေသော်၊

22. ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင်မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရသနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ဟု မယ်တော်အား ပြန်ပြောပြီးမှ၊

23. တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင်သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။

24. ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော်ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကိုပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊

25. ယောယဒသားဗေနာယကိုစေလွှတ်၍၊ အဒေါနိယကို သေအောင်လုပ်ကြံလေ၏။

26. ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။

27. ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်းပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော်မူ၏။

28. ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော်လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထိုသိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။

29. ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန်မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။

30. ဗေနာယသည် ထာဝရဘုရား၏တဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော်လျှောက်လေသော်၊

31. ရှင်ဘုရင်က၊ အပြစ်မရှိသောသူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုးကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။

32. သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်းမြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သားအာဗနာနှင့် ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်းတော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။

33. ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊

34. ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။

35. ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ်ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။

36. တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရမည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။

37. မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊

38. ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန်လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 2