ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 19:12-21 Judson Bible (BJB)

12. မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။

13. ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။

14. ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊

15. ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

16. နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

17. သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။

18. သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

19. ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။

20. ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊

21. ဧလိရှဲသည်ပြန်သွား၍ နွားတယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများတို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 19