ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:12-23 Judson Bible (BJB)

12. အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။

13. ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။

14. ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။

15. ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊

16. ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊

17. တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊

18. ဧလိယက၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။

19. သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊

20. အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလတောင်ပေါ်မှ စုဝေးစေ၏။

21. ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။

22. တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။

23. နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကို လုပ်၍ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18