ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 16:1-16 Judson Bible (BJB)

1. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာသည်ကား၊

2. သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည်ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊

3. သင်၏အမျိုးအနွယ်သားစဉ်မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သားယေရောဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။

4. ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည် ဟုမိန့်တော်မူ၏။

5. ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

6. ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

7. ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊

8. ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊

9. ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊

10. ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။

11. နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။

12. ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။

13. အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။

14. ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။

15. ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။

16. ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 16