ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 15:15-30 Judson Bible (BJB)

15. ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။

16. အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

17. ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။

18. ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊

19. ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သောမိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။

20. အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။

21. ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။

22. ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။

23. အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌ အနာရောဂါစွဲသဖြင့်၊

24. ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

25. ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။

26. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။

27. ဣသခါအမျိုး၊ အဟိယသားဗာရှာသည်သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊

28. ယုဒရှင်ဘုရင်အာသနန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။

29. နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား။

30. အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 15