ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 14:17-31 Judson Bible (BJB)

17. ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။

18. ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

19. ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။

20. ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

21. ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သောယေရုရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။

22. ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။

23. မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တုများ၊ အာရှရပင်များကို တည်ကြ၏။

24. ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။

25. ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊

26. ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။

27. ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။

28. ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုထား၍ နောက်တဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။

29. ရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

30. ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။

31. ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 14