ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 13:6-22 Judson Bible (BJB)

6. ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။

7. ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအားဆိုလျှင်၊

8. ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။

9. ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။

10. ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။

11. ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊

12. ယုဒပြည်မှ လာသောဘုရားသခင်၏လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊

13. မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊

14. ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင်အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။

15. ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊

16. ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။

17. ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။

18. ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။

19. ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကိုလည်း သောက်၏။

20. ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်၍၊

21. ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပညတ်တော်ကို မစောင့်၊

22. ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချၖိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 13