ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 12:7-16 Judson Bible (BJB)

7. သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကားနှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။

8. အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊

9. ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊

10. ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော်မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့်မည်။

11. ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။

12. ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။

13. ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကို လိုက်လျက်၊

14. ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။

15. ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။

16. ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 12