ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 11:17-33 Judson Bible (BJB)

17. ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။

18. မိဒျန်ပြည်မှထွက်၍ မာရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။

19. ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။

20. တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။

21. ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။

22. ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။

23. ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊

24. လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။

25. ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။

26. ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။

27. ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊

28. ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်းကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။

29. တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊

30. အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊

31. ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။

32. ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။

33. ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 11