ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:23-37 Judson Bible (BJB)

23. နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပြပ်ဝပ်လျက်၊

24. အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။

25. သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွားများတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေသတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။

26. ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။

27. အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင်ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။

28. ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။

29. ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊

30. သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။

31. ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင်အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။

32. ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယတို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။

33. ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။

34. ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန်သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။

35. ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင်ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။

36. ယောယဒသား ဗေနာယက အာမင်။ အရှင်မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည်လည်း ထိုသို့မိန့်တော်မူပါစေသော။

37. ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1