11. ထိုအခါနာသန်သည် ရှောလမုန်အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ်သည် မသိပါတကား။
12. ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါရစေ။
13. ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက်လော့။
14. ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ်ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည်အတိုင်း၊
15. ဗာသရှေဘသည် ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
16. ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်၊ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။
17. ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော်က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင်ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
18. ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
19. အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကိုသတ်ပြီးလျှင်၊ မင်းကြီး၏သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော်ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
20. အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
21. သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
22. ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက်နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
23. နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပြပ်ဝပ်လျက်၊