ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 34:9-26 Judson Bible (BJB)

9. ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသောငွေကိုယူ၍၊

10. ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့၌အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါလုပ်ဆောင်သောသူ၊

11. ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက်၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။

12. လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ၏။ လေဝိအမျိုး၊ မေရာရိအနွယ်၊ ယာဟတ်နှင့်ဩဇဒိ၊ ကောဟတ်အနွယ်၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက်၊ သီချင်းဆိုတတ်သော လေဝိသာအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ၏။

13. ထိုသူတို့သည် ဝန်ထမ်းသောသူမှစ၍၊ အလုပ်မျိုးကို လုပ်ဆောင်သော သူအပေါင်းတို့ကို ကြည့်ရှုအုပ်ချုပ်ကြ၏။ လေဝိသားအချို့တို့သည်လည်း စာရေး၊ တရားသူကြီး၊ တံခါးစောင့်လုပ်ကြ၏။

14. ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင်ကို တွေ့၍၊

15. တွေ့ကြောင်းကို စာရေးတော်ရှာဖန်အားပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။

16. ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ်တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြပါ၏။

17. ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ်သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊

18. ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။

19. ရှင်ဘုရင်သည် တရားစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊

20. ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာသာယကို ခေါ်၍၊

21. ယခုတွေ့သောကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို နား မထောင်၊ ဤကျမ်းစာ၌ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

22. ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သားအချုပ် ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏လူတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆို ကြ၏။

23. မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊

24. ယုဒရှင်ဘုရင်ရှေ့မှာ ဘတ်ရသောကျမ်းစာ၌ ရေးထားသမျှသော အကျိန်စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။

25. အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ၊ အခြားတပါးသောဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။

26. ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 34