ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 32:18-33 Judson Bible (BJB)

18. တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေးကြော်ကြ၏။

19. လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသားများ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရားသခင်ကို ရော၍ ကဲ့ရဲ့ကြ၏။

20. ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည်ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊

21. ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင်တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသောသူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိပြည်သို့ပြန်သွား၏။ မိမိဘုရား၏ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။

22. ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။

23. အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင်ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြသဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူမျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။

24. ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသောတန်ခိုးတော်ကို ခံရ၏။

25. သို့ရာတွင် ဟေဇကိသည် မိမိခံရသောကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။

26. သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှားသော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော်ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက်ရောက်။

27. ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သောတန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။

28. စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။

29. ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွားတို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာသောဥစ္စာကို ပေးသနားတော်မူ၏။

30. ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက်ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။

31. သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သောအမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သောအမှုမှာ၊ ဟေဇကိမင်း၏သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။

32. ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။

33. ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်၏သားတော် မြေးတော်တို့ သင်္ချၖိုင်းတွင် အမြတ်ဆုံးသောသင်္ချၖိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 32