ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 32:11-23 Judson Bible (BJB)

11. ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းအားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။

12. ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည်။ ထိုယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို မိန့်တော်မူပြီမဟုတ်လော။

13. ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည်များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော။

14. ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်းနိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ်မည်နည်း။

15. သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြနှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သောဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။

16. သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင်တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။

17. ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သောစာကို ရေး၍ ပေးလိုက်သေး၏။

18. တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေးကြော်ကြ၏။

19. လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသားများ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရားသခင်ကို ရော၍ ကဲ့ရဲ့ကြ၏။

20. ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည်ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊

21. ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင်တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသောသူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိပြည်သို့ပြန်သွား၏။ မိမိဘုရား၏ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။

22. ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။

23. အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင်ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြသဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူမျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 32