ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:9-23 Judson Bible (BJB)

9. သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာလျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွားသော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံတော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော်မမူဟု စာ၌ပါသတည်း။

10. စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။

11. သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့လာကြ၏။

12. ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရားသခင်တန်ခိုးတော်ကြောင့် ရကြ၏။

13. ဒုတိယလတွင် အဇုမပွဲကိုခံလိုသောငှါ၊ များစွာသောလူတို့သည် ယေရုရှလင်မြို့၌စည်းဝေးကြ၍၊ အလွန်ကြီးသောပရိသတ် ဖြစ်လေ၏။

14. သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသောယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။

15. ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ်တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။

16. ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ်ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။

17. မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသောသူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ်သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။

18. များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသားအများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါသိုးသငယ်ကိုစားကြ၏။

19. သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံအတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သောထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့အဘို့ ဆုတောင်းသဖြင့်၊

20. ထာဝရဘုရားသည် ဟေဇကိစကားကို နားထောင်တော်မူ၍၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။

21. ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုးတို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့်မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။

22. ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည်အားပေးတော်မူသောစကားနှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။

23. စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30