ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:15-27 Judson Bible (BJB)

15. ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ်တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။

16. ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ်ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။

17. မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသောသူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ်သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။

18. များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသားအများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါသိုးသငယ်ကိုစားကြ၏။

19. သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံအတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘောကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သောထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့အဘို့ ဆုတောင်းသဖြင့်၊

20. ထာဝရဘုရားသည် ဟေဇကိစကားကို နားထောင်တော်မူ၍၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။

21. ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုးတို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့်မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။

22. ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည်အားပေးတော်မူသောစကားနှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။

23. စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။

24. ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။

25. ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ်များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသားတို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။

26. ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သားရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှလောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။

27. ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသောကျိန်းဝပ်တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30