ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 29:17-33 Judson Bible (BJB)

17. ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကို သန့်ရှင်းစေ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။

18. ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင်၍၊ အကျွန်ုပ်တို့သည် ဗိမာန်တော်တဆောင်လုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ၊ ရှေ့တော်မုန့်တင်သောစားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ။

19. ထိုမှတပါး၊ အာခတ်မင်းကြီးလက်ထက် အဓမ္မပြု၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့သည် ပြင်ဆင်၍ သန့်ရှင်းစေသဖြင့်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ၏။

20. ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက်သွား၏။

21. နန်းတော်အပြစ်၊ သန့်ရှင်းရာဌာနတော်အပြစ်၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ်ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ်ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း၊

22. နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးတို့ကိုလည်း သတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။

23. အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကိုလည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့လက်ကိုတင်ပြီးမှ၊

24. ယဇ်ပုရောဟိတ်တို့သည်သတ်၍၊ ဣသရေလအမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှါ၊ ယဇ်ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ။

25. ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရောဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက်တို့အားဖြင့် စီရင်တော်မူသတည်း။

26. သို့ဖြစ်၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို၎င်း၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို၎င်း ကိုင်လျက် ရှိကြ၏။

27. ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်ကို ပူဇော်စေခြင်းငှါ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။

28. မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင်အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက်၊ သီချင်း ဆိုလျက်၊ တံပိုးမှုတ်လျက် နေကြ၏။

29. လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။

30. တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက်အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။

31. ထိုနောက်ဟေဇကိက၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန်၍ မိန့်တော်မူ သည်အတိုင်း၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ၏။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။

32. စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်းကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ်နှစ်ရာတည်း။

33. ပူဇော်သောဥစ္စာပေါင်းကား၊ နွားခြောက်ရာ၊ သိုးသုံးထောင်တည်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 29