ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 28:9-19 Judson Bible (BJB)

9. ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရောဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်းကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။

10. ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။

11. ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။

12. ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သားအာဇရိ၊ မေရှိလေမုတ်သားဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသားအာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊

13. သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊

14. စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။

15. အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။

16. ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။

17. အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန်သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။

18. ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။

19. ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 28