ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 28:12-23 Judson Bible (BJB)

12. ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သားအာဇရိ၊ မေရှိလေမုတ်သားဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသားအာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊

13. သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊

14. စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။

15. အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။

16. ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။

17. အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန်သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။

18. ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။

19. ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။

20. အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော်လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။

21. အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အားပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။

22. အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။

23. ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 28