ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 28:1-13 Judson Bible (BJB)

1. အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။

2. ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။

3. ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။

4. မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။

5. ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရားသည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကိုဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။

6. တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်းတမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ကြသတည်း။

7. ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကိုသတ်၏။

8. ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။

9. ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရောဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်းကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။

10. ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။

11. ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။

12. ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သားအာဇရိ၊ မေရှိလေမုတ်သားဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသားအာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊

13. သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 28