ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 26:9-23 Judson Bible (BJB)

9. ဩဇိမင်းသည် ယေရုရှလင်မြို့ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကို တည်၍ခိုင်ခံ့စေ၏။

10. တော၌လည်းရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူ၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။

11. ဩဇိမင်း၌ တပ်စာရေးယေယေလနှင့် တပ်အုပ်မာသေယတို့သည် စာရင်းယူသည်အတိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်းဟာနနိသည် စီရင်၍၊ အသီး အသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ၏။

12. ထိုသို့ခွန်အားကြီးသော သူရဲအဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား၊ နှစ်ထောင်ခြောက်ရာတည်း။

13. ထိုသို့အကြီးအကဲလုပ်သောသူ၊ ရန်သူတဘက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှါ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား၊ သုံးသိန်းခုနစ်ထောင် ငါးရာတည်း။

14. ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။

15. လိမ္မာသောသူတို့သည် ဥာဏ်ရှာ၍လုပ်သောယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သိတင်းတော်သည် အနှံ့အပြားကျော်စော၏။

16. ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ဝင်လေ၏။

17. ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိရှိသော ထာဝရဘုရား၏ အမှုတော်ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့ လိုက်၍၊

18. ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ၊ ခန့်ထားသောအာရုန်သား ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲကထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင်ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊

19. ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။

20. ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့်၊ အလျင်အမြန်ထွက်လေ၏။

21. ထိုသို့ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကို အုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။

22. ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ၏။

23. ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့် အတူ သင်္ဂြိုဟ်ခြင်းကိုခံရသော်လည်း၊ လူနူဖြစ်သော ကြောင့်၊ ရှင်ဘုရင်ကို သင်္ချၖိုင်းနှင့်ဆိုင် သောမြေအကွက်၌သာ သင်္ဂြိုဟ်ကြ၏။ သားတော်ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 26