ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:20-31 Judson Bible (BJB)

20. နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ၏။

21. လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။

22. ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသားတို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊

23. တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တယောက်ကိုတယောက်တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။

24. ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တယောက်မျှမလွတ်၊ မြေပေါ်မှာ လဲသော အသေကောင်ဖြစ်ကြ၏။

25. ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကိုလုယူခြင်းငှါ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူကြ၏။ လက်ရဥစ္စာအလွန်များသောကြောင့်၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ၏။

26. စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။

27. ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသော ကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ၍ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊

28. စောင်းတယောတံပိုးကိုတီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။

29. ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။

30. ထိုသို့ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သော အခွင့်ကိုပေး တော်မူသောကြောင့်၊ ယောရှဖတ်၏ နိုင်ငံတော်သည် သာယာ၏။

31. ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင်မြို့မှာနေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20