ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 15:1-9 Judson Bible (BJB)

1. ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊

2. အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင်၊ နေစဉ် ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။

3. ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ်ပုရောဟိတ်မရှိ။ တရားလည်းမရှိဘဲ နေ၍၊

4. ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။

5. ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။

6. တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော်မူ၏။

7. သင်တို့မူကား အားယူကြလော့။ လက်အားမလျော့စေနှင့်။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟု မြွက်ဆို၏။

8. ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌၎င်း၊ စက်ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။

9. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲကထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသားအများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 15