ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 5:10-25 Judson Bible (BJB)

10. ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ၏။

11. တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။

12. ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။

13. ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။

14. ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊

15. ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊

16. ဧလျာဒ၊ ဧလိဖလက်တည်း။

17. ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။

18. ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။

19. ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

20. ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။

21. ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။

22. တဖန်ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။

23. ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။

24. ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊

25. ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 5