ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 12:17-31 Judson Bible (BJB)

17. နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။

18. ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။

19. သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။

20. ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။

21. ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊

22. ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။

23. ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။

24. တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။

25. ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။

26. ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊

27. ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။

28. ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊

29. ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။

30. မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။

31. မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 12