10. ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။
11. ယာဟတ်ကားအကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကို ရ၏။ ယုရှနှင့်ဗေရိ၌ကားသားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း၌ ပေါင်းကြ၏။
12. ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
13. အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။
14. ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။
15. မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။
16. ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။
17. ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
18. ဣဇဟာသားအကြီးကားရှေလောမိတ်၊
19. ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊
20. ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။
21. မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
22. ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။
23. မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။
24. ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။
25. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊
26. လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။