ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 22:8-18 Judson Bible (BJB)

8. သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာ စစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။

9. သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။

10. ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။

11. သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌ နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်းသင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။

12. သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏တရားတော်ကို စောင့်ရှောက်မည် အကြောင်း၊ ထာဝရဘုရားသည် ဥာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။

13. ဣသရေလအမျိုး၏ အမှု၌ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။

14. ငါသည်ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက်တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့်ကျောက်များကို ၎င်းပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။

15. ထိုမှတပါးသင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသောအတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။

16. ရွှေငွေကြေးဝါ သံအတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။

17. ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ၊

18. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာတပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 22