ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 16:29-43 Judson Bible (BJB)

29. ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်းသော တန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။

30. မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။

31. ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ။

32. ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။

33. ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကိုတရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။

34. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

35. အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကို ဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တပါးအမျိုးသားထဲက နှုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။

36. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟု ဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။

37. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင်ရွက်စေခြင်းငှါ၊ အာသပ်နှင့် သူ၏ညီတို့ကို၎င်း၊

38. ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက်၊ တံခါးစောင့်ဟောသံနှင့် ယေဒုသုန်သားဩဗဒေဒုံတို့ကို၎င်း၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ၏။

39-40. မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရ ဘုရားထားတော်မူသောပညတ္တိကျမ်းစာ၌ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ၏ညီယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။

41. ထာဝရဘုရား၏ကရုဏာတော်သည် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း စေခြင်းငှါ၊

42. သီချင်းသည်တို့၏အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒုသုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။

43. ထိုနောက်မှလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွားတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 16