ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ​ချုပ် 16:23-35 Judson Bible (BJB)

23. မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။

24. ဘုန်းတော်ကိုတပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌၎င်း ဘော်ပြကြလော့။

25. ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။

26. တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။

27. ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော် မူရာ၌ ရှိ၏။

28. လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည်ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။

29. ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်းသော တန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။

30. မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။

31. ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ။

32. ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။

33. ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကိုတရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။

34. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

35. အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကို ဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တပါးအမျိုးသားထဲက နှုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ​ချုပ် 16