ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 20:28-42 Judson Bible (BJB)

28. ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊

29. အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။

30. ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။

31. ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊

32. ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊

33. ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊

34. အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။

35. နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။

36. လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။

37. ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။

38. ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။

39. သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။

40. ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။

41. လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။

42. ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 20