ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 17:38-47 Judson Bible (BJB)

38. ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။

39. ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက် များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။

40. တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။

41. ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။

42. ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။

43. ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။

44. တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။

45. ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။

46. ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကို ငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည်။

47. ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 17