ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 9:1-7 Judson Bible (BJB)

1. သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။

2. မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။

3. ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။

4. အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။

5. စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာဖြစ်ရကြ လိမ့်မည်။

6. အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။

7. ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 9