ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 66:1-12 Judson Bible (BJB)

1. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။

2. ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။

3. တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။

4. ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။

5. ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။

6. မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။

7. ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။

8. ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။

9. သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။

10. ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။

11. သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။

12. ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 66