ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 59:1-11 Judson Bible (BJB)

1. ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။

2. သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။

3. သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။

4. တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။

5. သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။

6. သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသော အမှုသည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသောအမှုရှိ၏။

7. သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေးတတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။

8. ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူမည်သည်ကား၊ ချမ်းသာကို မသိရ။

9. ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။

10. မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။

11. ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 59